ရေစက်မကုန်သေးသရွေ့(၁)
ဆောင်းဝင်စ မနက်စောစောနှင်းမှုံတွေ ကြားမှာ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေကြတဲ့ရွာသူရွာသားတွေကြောင့် ချောင်းရိုးရွာကလေးက
လှုပ်လှုပ်ရှားရှားနဲ့ ပီပီပြင်ပြင် နိုးထစပြုနေပါတယ်။
စပါးရိတ်သိမ်းချိန်မို့ ရွာလမ်းမပေါ်မှာလည်း မိန်းမကြီးတစ်ချို့ ထဘီတိုတိုဝတ်ပြီးတံစဉ်တွေကိုင်ကာ လယ်တောကိုသွားနေကြတယ်။
ဆောင်းရာသီရဲ့အအေးဓာတ်က သူတို့ဝမ်းမီးအပူကိုတော့ မငြိမ်းနိုင်တာမို့ အေးတယ်ဆိုပြီး အိပ်ယာထဲမှာကွေးမနေနိုင်ကြ။
ယောက်ျားအချို့လည်း လှည်းတွေ ထမ်းပိုးတွေပြင်ကာ အလုပ်ခွင်ဝင်ဖို့ပြင်နေကြတယ်။စကားပြောသံ ၊ရယ်မောသံ၊ ခြူသံ ၊ခလောက်သံတွေနဲ့ ရွာမနက်ခင်က နိုးကြားတက်ကြွလို့နေတယ်။
တစ်နေကုန် ပင်ပန်းထားလို့ ညဆို စောစောအိပ်ယာဝင်ကြပြီး မနက်စောစော ရောင်ခြည်မလာခင်လုပ်ငန်းခွင် ၀င်ကြရတာကိုက တောရွာတွေရဲ့ ဓလေ့စရိုက်မဟုတ်လား။
ကိုလူအေးတစ်ယောက် အားကစားထရပ်ဆု ကြီးဝတ်ပြီး ကျန်းမာရေးအလို့ငှါ မနှေးမမြန်လေး ရွာလမ်းမပေါ်မှာပြေးနေတယ်။
ဒါကဆောင်းရောက်တိုင်းသူလုပ်နေကြအလုပ်။
ရွာကလူတွေကတော့ ဒီလိုကျန်မာရေးအတွက်တကူးတကလိုက်စားစရာမလို စားဝတ်နေရေးအတွက် လယ်ယာထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ လုပ်ကိုင်နေရတာကပင် သူတို့အတွက်လုံလောက်သည်။
"ဗျို့ လူပျိုကြီး ရုံးမသွားဘူးလားဗျ လူပျိုကြီးတို့ပဲ ဟန်ကျသဗျာ အေးအေးချမ်းချမ်း သက်သက်သာသာနေရတယ် ကျုပ်တို့တော့ နေထွက်က နေ၀င်တစ်နေကုန်လုပ်တာတောင် စားရရုံ သောက်ရရုံပဲ ပင်ပန်းလိုက်တာ"
ရွာအထွက်မှာ ကိုကျော်အောင်က လှည်းပေါ်ကနေနှုတ်ဆက်တယ်။
လှည်းပေါ်မှာလည်း သူရဲ့မဟေသီ စည်ပိုင်းကြီးနဲ့ သူကလေးနှစ်ယောက်နဲ ပြည့်ညပ်လို့ပေါ့။
"မအေးချမ်းပါဘူးဗျာ လူတိုင်း သူ့အပူ ကိုယ့်အပူတော့ရှိကြတာပဲ ကာယအလုပ်ကမှ ပင်ပန်းလို့စိတ်မပါလည်း ကြိတ်မှိတ်လုပ်လို့ရသေးတယ်ဗျို့ဉာဏအလုပ်ဆိုတာမျိုးက စိတ်ပင်ပန်းလို့ ဖိအားဝင်နေရင် ရှေ့ဆက်ဖို့ တယ်ခက်သဗျ"
"ဟုတ်မယ်ဗျို့ ဒါကြောင့်လည်းလူတစ်ခု ပူမှုရယ်တဲ့ဆယ်ကုဋေ လို့ဆိုကြတာပေါ့ ကဲ..သွားပြီဗျို့ နောက်ကျနေလိမ့်မယ်"
"ဟုတ်ပြီ..ဟုတ်ပြီ..ကိုကျော်အောင်"
ကိုလူအေးပြေးလာတာ တော်တော်ဝေးလာပြီမို့ နဲနဲတောင်မောဟိုက်ချင်လာတယ်။
အရှေ့တောင်ရိုးပေါ်မှာလည်း နေမင်းကြီးက တစ်ပိုင်းတစ်စ ထွက်လာနေပြီမို့ အိမ်ဘက်ကိုပဲ ပြန်လှည့်ပြေးလာခဲ့တယ်။
အိမ်ရောက်တော့ အိမ်ရှေ့စားပွဲပေါ်မှာ ငချိပ်ပေါင်းနဲ့ ချေ(ဂျီ)သားခြောက်ကို ရေနွေးကြမ်းနဲ့ပြင်ပေးထားတာတွေ့ရတယ်။
မစိန်မေ လာပြင်ပေးသွားတာပဲဖြစ်မယ်။ လူကချွေးနဲနဲစို့ချင်နေပြီမို့ ရေအရင်ချိုးဖို့ဆုံးဖြတ်ပြီး အ၀တ်လဲကာ ရေစည်ပိုင်းရှိရာ နောက်ဖေးကိုထွက်လာခဲ့တယ်။
ကိုလူအေးမနက်စာ စားနေတုန်း မစိန်မေ ခြံထဲဝင်လာတယ်။
"ကိုလူအေး..ဟိုလေ ကျမပြောစရာလေးရှိလို့"
ကိုထွန်းဦးနဲ့ မစိန်မေတို့လင်မယားက သူ့ထက်အသက်ကြီးကြသော်လည်း အစစအရာရာကျေးဇူးရှိတဲ့သူ့ကို ကိုတပ်ကာ ကိုလူအေးလို့ခေါ်လေ့ရှိတယ်။
"သြော်..မစိန်မေ လာလေ..ထိုင် .ပြော..ဘာကူညီရမလဲ"
"ဟိုလေ .. သမီးက ဒီနေ့ရွာပြန်လာမယ် ဖုန်းဆက်တယ် အဲဒါ"
"သြော်..သွားကြိုပေးရမှာမလား ရပါတယ် ဒီနေ့ရုံးပိတ်တယ် ဘယ်ချိန်လောက်လဲ"
"မြို့ကို 11လောက်ရောက်မယ်ပြောတယ် ဟိုလေ ..အဲဒါ..ဆီဖိုးပေးဖို့က လောလောဆယ်..."
"အာ..ရပါတယ်ဗျာ ပေးဖို့မလို့ပါဘူး သျှားလဲ့ဖြူ က ကိုယ့်ညီမ ကိုယ့်တူမပဲကို ပြီးတော့ ဆီကဘယ်လောက်မှကုန်တာလည်းမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် ကိုလူအေး ကျမ ကိုထွန်းဦးဆီကို ထမင်းပို့ဖို့ ချက်ပြုတ်ရမှာမို့ ပြန်ဦးမယ်"
"ဟုတ်ပြီ..ဟုတ်ပြီ မစိန်မေ ကျုပ် 10နာရီလောက်သွားကြိုလိုက်မယ်"
အင်း ..ဘာလိုလိုနဲ့ သျှားလဲ့ဖြူတောင် ကျောင်းပြီးပါပေါ့လား ။
နောက်ဆုံးနှစ်ဖြေပြီး အိမ်တန်းပြန်မလာပဲသူငယ်ချင်းတွေနောက်ကို အလည်လိုက်သွားတယ်ပြောတာပဲ။
ကိုထွန်းဦးတို့ လင်မယားက ကျုပ်ဆီမှာ လယ်စာရင်းငှါးသဘောမျိုး လုပ်နေပြီး စားဝတ်နေရေးမပူရပေမယ့် သျှားလဲ့ဖြူရဲ့ ပညာရေး အတွက်တော့ ကျုပ်ဆီကငွေကြေးအကူအညီ တော်တော်ယူရတယ်။
ကျုပ်ကလည်း ကိုယ့်တူမလိုဖြစ်နေတာကြောင့် ချေးငှါးတယ်ဆိုပေမယ့် ပြန်မတောင်းပါဘူး။
လယ်ယာလုပ်ငန်းမှာလည်းသူတို့လင်မယားကိုပဲ အားကိုးနေရတာလေ။
ဂိုဒေါင်က ဂျစ်ကားကိုထုတ်ပြီး သျှားလဲ့ဖြုကိုကြိုဖို့ထွက်လာခဲ့တယ်။
ရွာအထွက်မှာပဲ ဆိုင်ကယ်စီးလာတဲ့ငစိုးနဲ့တွေ့တယ်။
ဒီကောင်ကျောင်းသွားတော့မှာမို့ မုန့်ဖိုးလာတောင်းတာပဲဖြစ်မယ်ဆိုတာ အတပ်သိလိုက်တယ်။ကားရပ်ပေးလိုက်တော့
"ဟာ..ဦးလေး ဘယ်သွားမလို့လဲ ကျွန်တော် ဦးလေးဆီ မုန့်ဖိုးလာတောင်းတာ"
"ငါထင်တဲ့အတိုင်းပဲ ငါ့မှာအခုပိုက်ဆံမပါသေးဘူး အိမ်မှာစောင့်နှင့် မြို့ပေါ်ခဏသွားလိုက်ဦးမယ်"
"ဦးလေးက ဘယ်သွားမလို့လဲ"
"ငါ သျှားလဲ့ဖြူကိုသွားကြိုမလို့"
"ကျွန်တော်ရောလိုက်ခဲ့မယ်လေ"
သျှားလဲ့ဖြူဆိုတာကြောင့် ငစိုးလိုက်သွားချင်သည်။
အဲမမ ကိုငယ်ငယ်လေးထဲက သဘောကျနေတာ။
တော်တော်ချောသလို ဘော်ဒီဆိုတာကလည်းအပြစ်ပြောစရာမရှိ။
တောသူဆိုပေမယ့် အသားကလည်း တော်တော်ဖြူတယ်။
သူတို့ရွာရဲ့ ကာလသားတွေကြားမှာ ရေပန်းစားသလို ကျောင်းမှာလည်း လိုက်တဲ့သူတော်တော်များတယ်လို့ကြားတယ်။
ငစိုးလည်းလိုက်ဖို့ကြိုးစားပေမယ့် ခုထိအခွင့်အရေးမရသေးဘူး။
ငစိုးက Dayတက်နေပြီး သျှားလဲ့ဖြူက အဝေးသင်တတ်နေတာမို့ ကျောင်းသွားကျောင်းပြန် အမြဲလွဲနေတယ်။
ခုနောက်ပိုင်း မဆုံဖြစ်တာ တော်တော်ကြာပြီ။
ဦးလေးက ရှုပ်တယ် မလိုက်နဲ့ပြောတာနဲ့ ဦးလေးအိမ်ပဲသွားပြီး အိပ်ရင်းစောင့်နေလိုက်တယ်။
အိမ်ရောက်ရင်တွေ့မှာပဲလေ