အန်ကယ်ကတော့ နိုးဘဲ ၁
အန်ကယ်ကတော့ နိုးဘဲ
နေသန်
ကြီးမှ ၀က်သက်ပေါက်နေသည် လို့ ဘော်ဒါ အပေါင်းအသင်းတွေက ပြောနေကြသည် ။
ဇော်မြင့်ချိုသည် အချစ်ကြောင့် ခံစားနေတာကို မြင်ကြရလို့ ။ မသနား ရုံမကဘူး ။ လှောင်ပြောင်ချင်ကြသည် ။
ဇော်မြင့်ချိုသည် အသက်ငါးဆယ် အရွယ် စည်းစိမ်ဥစ္စာ ပြည့်စုံနေတဲ့ လူပျိုကြီး ဖြစ်သည် ။
စိတ်ပျိုကိုယ်နု ဆိုတဲ့ စကားအတိုင်း ဇော်မြင့်ချိုသည် စိတ်ညစ်စရာကို မတွေးတတ်ဘဲ ခပ်ပျော်ပျော်နေတတ်သူမို့တခြား အသက် ငါးဆယ်တွေနဲ့ ယှဉ်လိုက်ရင် နုသည်လို့ ပြောရမည် ။
အငြိမ်းစား နိုင်ငံခြား သဘော်အရာရှိတယောက်မို့ တန်ဖိုးကြီး အ၀တ်အစားတွေကို ၀တ်နိုင်ခဲ့လို့လည်း လူငယ်ဆန်တဲ့ တောက်တောက်လွင်လွင် အရောင်တွေကို ၀တ်တတ်လို့လည်း ဇော်မြင့်ချိုသည် အသက်ငါးဆယ် အရွယ်လို့ ထင်စရာ မရှိအောင် နုပျိုနေသည် ။
ကျန်းမာသန်စွမ်းပြီး ဆန့်ကျင်ဖက်လိင်ကို တပ်မက် နှစ်ခြိုက်တဲ့ ယောက်ျားစစ်စစ် တယောက်လည်း ဖြစ်သည် ။လူပျိုကြီး ဖြစ်မယ့်သာ ဖြစ်တာ ။ ဇော်မြင့်ချိုသည် သူကိုယ်တိုင်ကလည်း မိန်းမကြိုက်သလို မိန်းမတွေကလည်း သူ့ကို ကြိုက်ခဲ့တာ သူ့ဘ၀ တလျောက်လုံးပါ ။
သူသည် အပေါင်းအသင်းများ ခင်မင်သူပေါတဲ့ သဘောကောင်းသူတယောက်လည်း ဖြစ်သည် ။ သူ့ပြောမနာဆိုမနာ ရောင်းရင်းတွေကတော့ သူသည် ဆန့်ကျင်ဖက်လိင်ကို အလွန်အမင်း ခုံမင် နှစ်ခြိုက်တဲ့ ဘူးကြီးတယောက်လို့ ကွယ်ရာရော ရှေ့တင်ရော နောက်ကြစကြသည် ။ ဘာဘဲ သူ့ကို စစနောက်နောက် သူကတော့ အပြုံးမပျက် ။သူများ စရင်နောက်ရင် လွန်သည့်တိုင် သူက စိတ်မဆိုးတတ် ။ ဒါကြောင့်လည်း သူ့ကို ချစ်သူခင်သူ ပေါများသည် ။
သူက ယောက်ျား ဆိုတာ ဘူးရင်ဘူး မဘူးရင် ဒူးဘဲ လို့ ရင်းနှိးတဲ့ အရင်းအခြာတွေကို ပြန်ချေပတတ်သည် ။ ကိုယ်ကတော့ မဒူးဘူး ဆိုတော့ ဘူးလို့ ပြောရင်လည်း မနာပါဘူး လို့ သူ ပြော
တတ်သည် ။
သူသည် ရန်ကုန်တက္ကသိုလ်ကဘွဲ့ရပြီးတဲ့အချိန်ထဲက နိုင်ငံခြားသင်္ဘောလိုက်ခဲ့သူ ဖြစ်သည် ။ သူသည် လက်ဖွာသူ မဟုတ် ။ ပင်ပင်ပန်းပန်းလေထဲလှိုင်းထဲ ရှာဖွေလို့ ရတဲ့ ငွေကို လေးစားသည် ။ တန်ဖိုးထားသည် ။သိပ်ကပ်စီးနည်းသူတော့ မဟုတ် ။
သုံးသင့်သုံးထိုက်တဲ့နေရာတွေမှာ သူ သုံးပါသည်။ မလိုအပ်တဲ့နေရာတွေမှာ သူမသုံး ။ ဆန္ဒနောက်ကို မလိုက် ။စည်းစနစ်နဲ့ နေထိုင်ခဲ့လို့သူသည် အသက်လေးဆယ် အရွယ်ထဲက တိုက်နဲ့ကားနဲ့ အချွေအရံနဲ့ နေနိုင်ခဲ့သည် ။
သူသည် ရုပ်ရည်သန့်ပြန့်သလို ကိုယ့်ကိုယ်ကို ဂရုတစိုက်နေသူမို့ တက္ကသိုလ်ကျောင်းသား ဘ၀ထဲက သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစားတွေကိုလည်း ၀တ်လေ့ရှိတော့ မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ ဇော်မြင့်ချို ဇော်မြင့်ချို ဆိုပြီး ရေပန်းစားခဲ့သည် ။ ကျောင်းနေတုံးအချိန်မှာ ရည်းစား နှစ်ယောက် ရခဲ့ဘူးပေမယ့် မမြဲခဲ့ဘူး။
ဘာကြောင့် ရည်းစားတွေနဲ့ ပြတ်ခဲ့ကွဲခဲ့လည်း လို့ ခင်မင်သူတွေက မေးကြရင် ဟိုလိုလို ဒီလိုလိုနဲ့ တိတိပပရေရေရာရာ မဖြေဘူး ။ စကားလမ်းကြောင်း လွှဲခဲ့တာချည်း ။
သူများထက်ကို ကာမစိတ် ပြင်းထန်ပြီး မိန်းမ တပ်မက်တဲ့ ဇော်မြင့်ချိုသည် သဘော်သား ဘ၀နဲ့ နိင်ငံခြား တိုင်းပြည်တွေကို ရောက်ခဲ့တဲ့အခါ ငွေကြေးနဲ့ပျော်ပါးရတဲ့ မိန်းမတွေနဲ့ အခါအားလျော်စွာ ပျော်ပါးဆက်ဆံခဲ့သည် ။ ဘော်ဒါတွေ စကြနောက်ကြသလို အလွန်အမင်း လိုက်စားတာတော့ မဟုတ်ဘူး လို့ သူ တခါတလေဖွင့်ဟ ၀န်ခံတတ်သည် ။
သင်္ဘော အရာရှိတယောက် ဖြစ်လာပြီးတဲ့နောက် သူ့ကို အထင်ကြီးပြီး လာကြွေတဲ့ မိန်းမတွေ ရှိခဲ့ပေမယ့် ဇော်မြင့်ချိုကတော့ နိုး ( No )ဘဲ ။ ရင်းနှီးခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကလည်း သင့်တော်မယ့် မိန်းမတွေနဲ့ စပ်ပေးကြသည် ။အောင်သွယ်လုပ်ပေးကြသည် ။ သို့သော်လည်း ဇော်မြင့်ချိုက နိုး ( No ) ဘဲ ။
သူ့ကို မေတ္တာစစ်နဲ့ ကြိုက်ကြတာလို့ သူ မထင်တော့ဘူး ။ သူ့ချမ်းသာကြွယ်ဝမှုတွေ တိုက်တွေ ကားတွေ ကို မက်မောလို့ဘဲ လို့ လူပျိုကြီး ဇော်မြင့်ချိုက ထင်နေသလား မဆိုတတ်ဘူး ။ ( No ) နိုး ဘဲ ပြောတတ်သည် ။
စနစ်တကျ လုပ်တတ်ကိုင်တတ် တဲ့ ဇော်မြင့်ချိုသည် ရင်းနှီးထားတဲ့ စီးပွားရေးလုပ်ငန်းတွေက အောင်မြင် အဆင်ပြေလာတာကြောင့် သင်္ဘောလိုက်တာကို အကန့်အသတ်မရှိ နားလိုက်သည် ။ သူပိုင် ဆိုင်တွေ လုပ်ငန်းတွေကို သူကိုယ်တိုင် ဦးစီး လုပ်ကိုင်သည် ။
မိန်းမတွေကလည်း ငွေကြေးတောင့်တင်း တဲ့ လူပျိုကြီးကို ညွှတ်ကြတာ အမှန်ပါဘဲ ။
သူကတော့ အရိုးများ ချေးခါး ဆိုသလို စိတ်ကြိုက် မတွေ့သေးဘူး....ဆိုပြီး ကြုံဆုံလာတဲ့ မိန်းမတွေကို နိုး ( No ) ချည်းဘဲ ပြောသည် ။
နိုး အမြဲပြောတဲ့ ဇော်မြင့်ချိုသည် မိန်းမနဲ့ ကင်းကင်းဝေးဝေးတော့ မနေနိုင်ရှာခဲ့ ။
အိမ်ထောင်ပြုဖို့ကို ငြင်းဆန် ခဲ့ နိုးပြောခဲ့ပေမယ့် သူ့ကို အနှိပ်ခန်းတွေမှာ တွေ့နိုင်သည် ။ တခါတရံလည်းကြေးစားမလေးတွေနဲ့ ပျော်ပါးနေသည် လို့လည်း ခိုင်လုံတဲ့ သတင်း ရပ်ကွက်က သိရှိကြရသည် ။
တဖြည်းဖြည်းနဲ့ ရက်တွေ လတွေ နှစ်တွေ အခါခါပြောင်းခဲ့ပြီး ဇော်မြင့်ချိုလည်း ငါးထိပ်စီး အရွယ်ကို ရောက်ခဲ့ပြီ ။ သူ့ကိုယ်သူ ဂရုစိုက်တဲ့ ဇော်မြင့်ချိုသည် ပိန်ပိန်ပါးပါး ဘိုက်ချပ်ချပ်နဲ့ အဆင်အသွေး လိုက်ဖက်တဲ့ အ၀တ်အစားတွေကို ၀တ်ပြီး လူရွယ်တယောက်လို ပုံဖမ်း ရှိုးကောင်းနေဆဲမို့ ရွယ်တူမိန်းမတွေ တင်မက တော်တော့်ကို ငယ်တဲ့ ကောင်မလေးတွေကပါ အန်ကယ်ချို အန်ကယ်ချို ဆိုပြီး အထာခင်းတာကို ကြုံနေရဆဲ ။
ရင်းနှီးချစ်ခင်တဲ့ သဘော်အရာရှိ ဘော်ဒါ ကိုကိုထိုက် က “ ဇော်မြင့်ချိုက အရှောင်အတိမ်း ဂျက်ဆီဂျိမ်း ဗျ....သူကလည်း မကြိုက်တာ မဟုတ်ဘူး …. ဒါပေမယ့် သူ့ကို အတည်ယူဖို့ ကြိုးချည်ဖို့ လုပ်လာခဲ့ရင် သူ ပြေးတော့တာဘဲ …....လူလည်ကြီး သားသမီးထဲမှာ ကိုယ်တို့ ဇော်မြင့်ချိုက ထိပ်ဆုံးက ပါနေတယ်...” လို့ ပြောဖူးသည် ။
ကိုကိုထိုက်နဲ့ ဇော်မြင့်ချိုက သဘော်အတူတူ လိုက်ခဲ့ကြတဲ့ ဘော်ဒါအရင်းအခြာတွေ ။
ငယ်ငယ်က ဂျပန် ထိုင်ဝမ် စက်ာပူနဲ့ ထိုင်းနိုင်ငံတွေမှာ ပွေဖေါ်ပွေဖက် ရှုပ်ဖေါ်ရှုပ်ဖက် ။ သူတို့သည် သဘော်သားတွေ ဖြစ်ပေမယ့် ကြေးစားမိန်းမတွေနဲ့ မပျော်ပါး ။ ရောက်တဲ့နိုင်မှာ စော်ရှိသည် ။ များသောအားဖြင့် ကျောင်းသူလေးတွေ ဆိုင်ရောင်းတဲ့ ၀န်ထမ်း ကောင်မလေးတွေ ဖြစ်သည် ။
ကိုကိုထိုက်သည် ဇော်မြင့်ချိုလိုဘဲ လူပျိုကြီး ဘ၀နဲ့ နေလာရာက သွယ်ထား ဆိုတဲ့ မိန်းမချောလေး တယောက်နဲ့ အသက် လေးဆယ်ကျော်မှ တွေ့သွားပြီး အိမ်ထောင်ကျသွားခဲ့သည် ။ ယခုတိုင် ဇော်မြင့်ချိုနဲ့ခင်မင်နေကြဆဲ ။
အမြဲတော့ မတွဲဖြစ်ကြတော့ပေမယ်က တခါတခါတော့ ဖုန်းဆက်ချိန်းပြီး ညစာ အတူတူ စားကြသည် ။ တခါတလေ သွယ်ထား တယောက် သူတို့နဲ့အတူ လိုက်ပြီး စားသောက်တတ်သည် ။
သွယ်ထားက ဇော်မြင့်ချိုကို အစွံထုတ်ဖို့ ကြိုးစားချင်သည် ။သူ့ပတ်ဝန်းကျင်က ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတွေကို ဇော်
မြင့်ချိုနဲ့ မိတ်ဆက်ပေးခဲ့တာ အများကြီးပါဘဲ ။ သို့ပေမယ့် ဇော်မြင့်ချိုက အရိုးများ ချေးခါး အမျိုးမျိုး အကြောင်းပြပြီး ငြင်းပယ်နေဆဲ ။
ကိုကိုထိုက်က သွယ်ထားရယ်...လုပ်မနေပါနဲ့တော့ ပင်ပန်းပါတယ်...ကိုချိုကြီးက ဒီတသက် မိန်းမယူတော့မယ် မထင်ပါဘူး...လို့ သူ့မိန်းမ သွယ်ထားကို ပြောခဲ့သည် ။
ဒါပေမယ့် သွယ်ထားက ကောင်မလေး ချောချောလေးတွေနဲ့ ဇော်မြင့်ချိုကို မိတ်ဆက်ပေးဆဲ ။
အရင်က မိန်းကလေးတွေက “ ကိုချို ” လို့ ခေါ်ခဲ့ကြတဲ့ အရွယ်ကနေ “ အန်ကယ်ချို ” လို့ ခေါ်လာကြတဲ့အရွယ်ပိုင်းကို ရောက်လာပြီ ။ ဇော်မြင့်ချိုကတော့ တယောက်နဲ့မှ အတည်ပေါက် အလုပ်မဖြစ်သေး ။
အခုလည်း သွယ်ထားက သူတို့အိမ်ကို လာခဲ့ပါလို့ ဖုန်းဆက် ခေါ်လိုက်လို့ ဇော်မြင့်ချို ကိုကိုထိုက်နဲ့ သွယ်ထားတို့ အိမ်ကို သွားရသည် ။ သူတို့အိမ်မှာ မိတ်ဆုံစားပွဲ ပါတီလေးတခု လုပ်နေသည်..ဇော်မြင့်ချို လာမှ ဖြစ်မည် ...အရေးကြီးသည် လို့ သွယ်ထားက အတင်း လာခိုင်းသည် ။
ကိုကိုထိုက်တို့ အိမ်ကို သူ ရောက်သွားတော့ ပါတီပွဲက ထင်ထားတာထက် ပိုစည်ကားနေသည် ။ ခြံဝင်းထဲမှာ စင်အနိမ့်စားလေးနဲ့ တီးဝိုင်းကိုပါ တွေ့လိုက်ရသည် ။ ကိုကိုထိုက်နဲ့သွယ်ထားတို့က ၀မ်းသာအားရ ကြိုဆိုကြသည် ။ “ လာမှလာပါ့မလားလို့ကွာ......ဒီပွဲလေးက မင်းအတွက်လို ဖြစ်နေပြီ ..ဘာလို့လည်း ဆိုတော့ မင်းအတွက် သင့်တော်တဲ့ ဇနီးလောင်းလေး ကို ဖိတ်ထားတာကြောင့်ဘဲ...” လို့ ကိုကိုထိုက်က ပြောလိုက်လို့ ဇော်မြင့်ချိုက“ ဟာ...လုပ်လိုက်ပြန်ပြီ....ကိုကိုထိုက်ရယ်.....” လို့ ရယ်ပြီး ပြောလိုက်သည် ။ ဒီလိုဘဲ မိန်းမတွေ ခဏ ခဏ ပြခဲ့လို့ သူ့အတွက် အဆန်းမဟုတ်တော့ဘူးလေ ။
သွယ်ထားက ရယ်သည် ။
“ အင်း...ကိုချိုရေ..အခုပြမယ့် တယောက်ကို ကြည့်လိုက်အုံး..ကိုချို ကြိုက်မယ့် ပုံလေး...တကယ်လို့ ကြိုက်ခဲ့ရင် သွယ်ထားကို ပြော...အောင်သွယ်ပေးမယ်...” လို့ ပြောလိုက်သည် ။
သွားကြီးဖြဲလို့ ဇော်မြင့်ချိုက “ ဟုတ်ပါပြီ....သွယ်ထားရယ်...ပြ...ပြ....ကိုချိုတို့ကတော့ နိုးပါ...လို့ ပြောရင်လည်းစိတ်မရှိနဲ့....” လို့ ပြန်ပြောသည် ။
သူတို့လင်မယား ကိုယ်တိုင် လက်ထဲလာထည့်တဲ့ ဆိတ်သားဒန်ပေါက်ထမင်းကို စားနေတုံး စင်မြင့်လေးပေါ်မှာ တီးဝိုင်းနဲ့ အဆိုတော်တွေက သီချင်းတွေနဲ့ စပြီးတီးခတ် သီဆိုကြသည် ။
သွယ်ထား ပြုံးစိစိနဲ့ ရောက်လာပြီး...“ ကိုချိုကြီး.....ဟိုမှာ ကြည့်လိုက်...အဲဒါဘဲ....သေချာကြည့်နော်..မိတ်လည်း ဆက်ပေးမယ်.....” လို့ ပြသည် ။
သွယ်ထား ပြတာက သီချင်း တက်ဆိုနေတဲ့ ကောင်မလေး ပါ ။
“ သီချင်း ဆိုနေတဲ့ တယောက်လား....”
သူကြိုက်တတ်တဲ့ ပုံစံ ပါဘဲ ။ အသားဖွေးဖွေး သွယ်သွယ်ပါးပါး ..ချောချောလေး ...။
“ မဆိုးဘူး.....ဟီး.....”
“ အံမယ်...မဆိုးရုံတင် မကပါဘူး...အလန်းစား..အမိုက်စား....စူပါစတားလေး.....”
သွယ်ထားက သူ့ငါးချဉ် သူချဉ်နေသည် ။
ကောင်မလေးသည် သီချင်း အလိုက်နဲ့ ယိမ်းနွဲ့ပြီး ဆိုနေသည် ။ အသံက တော်တော်ကောင်းသည် ။ ဆိုလည်းဆိုတတ်သည် ။
သူဆိုနေတဲ့ သီချင်းက တချိန်တခါက နံမည်ကြီးခဲ့တဲ့ “ မျက်လုံးချင်း စကားပြောနေသည် ” ။
“ ဘယ်လိုလဲ..ကိုချို..သဘောကျလား.....သူ့နံမည်က “ ဒီဇင်ဘာနှင်း” ...တဲ့....”
အင်း..အသားအရည်က နှင်းပွင့်လေးတွေလိုဘဲ ဖြူဖွေးနေသည် ။
ရုပ်ကလည်း အေးချမ်းမယ့် ရုပ် ။ နံမည်နဲ့ လူနဲ့ လိုက်ဖက်သည် လို့ ဇော်မြင့်ချို ထင်မိသည် ။ စိတ်ထဲမှာလည်း ဒီဇင်ဘာနှင်း ကို သဘောကျမိသလိုလို ဖြစ်မိသည် ။
ခဏကြာတော့ ဒီဇင်ဘာနှင်း စင်ပေါ်က ဆင်းလာပြီးတဲ့အချိန် သွယ်ထားက ဇော်မြင့်ချိုနဲ့ ဒီဇင်ဘာနှင်းကို မိတ်ဆက်ပေးသည် ။ ဒီဇင်ဘာနှင်းသည် တေးဂီတ အဆိုပြိုင်ပွဲတခုမှာ ပထမရ ပြီး နံမည်ကြီးသွားတဲ့ အဆိုတော်မလေး ဆိုတာကို ဇော်မြင့်ချို သိလိုက်ရသည် ။ သူ အမှန်အတိုင်း ၀န်ခံ ရမယ် ဆိုရင် သူသည် စီးပွားရေး လုပ်
ငန်းတွေမှာ နစ်မြုပ်နေလို့ တီဗီလည်း မကြည့်ဖြစ် ။ ဂီတပြိုင်ပွဲတွေ ရှိနေမှန်း သိပေမယ့် ဘာဖြစ်လို့ ဖြစ်နေသလဲ သူ မသိဘူး ။
ဒီဇင်ဘာနှင်းက သူ့ကို လှိုက်လှိုက်လဲလဲ ပြန်စကားပြောသည် ။ ခင်မင်တတ်တဲ့ သဘောကောင်းတဲ့ ကောင်မလေး ဖြစ်သည် ။ သူ့ကို “ အန်ကယ် ” လို့ ခေါ်သည် ။ အင်းလေ....အသက်၅၀ ရှိနေတဲ့ အရွယ်ကို အန်ကယ်လို့ ခေါ်မှာပေါ့..ဘာလဲ..မင်းက အကို လို့ ခေါ်စေချင်လို့လား ဇော်မြင့်ချို ” လို့ ကိုကိုထိုက်က နှစ်ယောက်ချင်း
မီးဖိုထဲမှာ တွေ့ကြတဲ့အချိန် ပြောသည် ။
ဖုန်းနံပါတ်ချင်း ဖလှယ်ခဲ့လိုက်တာကြောင့် ဒီဇင်ဘာနှင်းနဲ့ နောင်ကို ထပ် ဆုံနိုင်ဖို့ လမ်းပေါက်လေးတော့ ရခဲ့သည် ။ ကိုကိုထိုက်နဲ့ သွယ်ထားတို့ကို “ ငါ သဘောကျတယ်ကွာ....အင်း..ကြိုက်တယ်..ဆိုပါတော့..” လို့ သူ ၀န်ခံသည် ။
။ ကိုကိုထိုက်နဲ့ သွယ်ထားတို့က “ ကြိုက်ရင် လုပ်..လုပ်...လုပ်...” လို့ မြှောက်ပေးကြသည် ။
သူတို့ အိမ်က ပြန်လာပြီးတဲ့နောက် ဒီဇင်ဘာနှင်းရဲ့ ရုပ်ပုံလေးက မျက်စိထဲက မထွက်တော့ဘူး ။
အသက်ကြီးမှ အချစ်ဝေဒနာ ရရပြန်ပြီလား လို့ ဇော်မြင့်ချို သူ့ကိုယ်သူ မေးနေသည် ။
ဒီဇင်ဘာနှင်းနဲ့ ပြန်တွေ့ချင်စိတ်တွေ ဖြစ်နေသည် ။ ချက်ချင်း တွေ့လို့ ရရင် ပြေးတွေ့လိုက်ချင်သည် ။
နောက်တနေ့ သူဖွင့်ထားတဲ့ ကုန်မာဆိုင်ကို ရောက်တော့ ကိုကိုထိုက် သူ့ဆီ ဖုန်းဆက်သည် ။
ဇော်မြင့်ချို ..( မင်းဆီကို ကိုယ် ခေါ်နေတာ...၁၀ခါောက် ရှိနေပြီ.... )
ကိုကိုထိုက် ...(ဘာဖြစ်လဲ....ဘာ အရေးတကြီး ရှိလဲ.....)
ဇော်မြင့်ချို ....... ( ဒီဇင်ဘာနှင်း အကြောင်း ထပ် သိချင်လို့ ပြီးတော့ သူ့ကို ထပ် တွေ့ချင်လို့.....)
ကိုကိုထိုက် ......( ဟား..လူပျိုကြီး.....ခိုက်သွားပြီ ပေါ့လေ....)
ဇော်မြင့်ချို .......( အေးကွာ...ခိုက်သွားပြီ....)
ကိုကိုထိုက် .......( ဟားဟားဟားဟား.......)
ဇော်မြင့်ချို.....( ကိုထိုက်..သွယ်ထားကို ပြောပါအုံး ...သူနဲ့ တွေ့ဖို့ ကြံဖန်ပေးပါအုံး လို့....)
ကိုကိုထိုက် ...( အေးပါ..ငါ ပြောလိုက်ပါ့မယ်.....စိတ်အေးအေးထား......)