အချစ် မဟုတ်တဲ့ အချစ်
အချစ် မဟုတ်တဲ့ အချစ်
နွယ်သည် ပုဂ္ဂလိကပိုင် မူကြို ကလေးထိန်းကျောင်းမှ ဆရာမ တစ်ယောက်ဖြစ်သည်။ နောင်ရဲ နှင့် စတင် ရင်းနှီးခဲ့သည်က လွန်ခဲ့သော ၂ နှစ်ခန့်က ဖြစ်သည်။ စာသင်နှစ် တစ်နှစ် ရဲ့ ကျောင်းစဖွင့်ချိန်မှာ ၄ နှစ် အရွယ် ကောင်လေးကို ရင်ခွင်မှာ ပိုက်ချီပြီး မိန်းမ ဖြစ်သူကို လက်တစ်ဘက်က တွဲကာ ကျောင်းခန်း ဝင်လာသော နောင်ရဲကို စတင် သတိထားမိသူမှာ နွယ် ဖြစ်သည်။ ကလေးငယ်ကို ချီထားဟန်က ဖခင်စိတ်၊ ဖခင် မေတ္တာတွေကို အတိုင်းသား မြင်ရပြီး၊ ဇနီးသည်ကို လက်ဆွဲလာသည်က ခင်ပွန်းဖြစ်သူရဲ့ ကြင်နာယုယမှုကို မြင်နေရသည်။ စိတ်ဝင်တစား ဖြစ်သည်က အားကျသည့် စိတ်ဖြစ်ခြင်းပင်။ နွယ်က အသက် ၂၆ နှစ်တိုင် ရှိပေမယ့် အပျိုကြီး ဖြစ်သည်။ နယ်မှာ ကျန်ခဲ့သည့် မိဘ ၂ ပါးကို ငွေကြေးထောက်ပံ့ကာ ရန်ကုန်ဆိုသော မြို့ကြီးတွင် ကျင်လည်နေရသည်။ မိမိမှာ အခုလို အားကိုးဖော် ရရင်ဖြင့် အလွန်ပင် ဝမ်းသာကျေနပ်မိမှာပဲဟု တွေးမိခြင်း ဖြစ်သည်။ မနက်ခင်းတိုင်း ကျောင်းကို လာပို့ကာ၊ ညနေခင်းဆို ကျောင်းလာကြိုတတ်သော နောင်ရဲကို နေ့တိုင်းလိုလို မြင်နေရတော့ အထင်ကြီး လေးစားသည့် စိတ်မှ တိတ်တခိုး စိတ်ဝင်စားမိသည် ဆိုလျှင် မလွဲပေ။ ကျောင်းရဲ့ ထုံးစံအရ ကျောင်းတက်ပြီး ၅ လ လောက် ရောက်ရင် ဆရာ၊ မိဘ တွေ့ဆုံပြီး ကလေးတွေရဲ့ လိုအပ်ချက်၊ လုပ်ကိုင်နိုင်မှု စသည်စသည်ကို ဆွေးနွေးတိုင်ပင်ရသည်။ အဲ့ရက်ကတော့ ကိုနောင်ရဲ တစ်ယောက်ထဲ လာသည်။ ကလေးရဲ့ ကိစ္စမှန်သမျှကို နွယ် နှင့် အတူ အတန်းပိုင်ဖြစ်သော ဆရာမ နောက်တစ်ယောက်နှင့် စကားပြောကြသည်။ မျက်နှာတော့ မကြည်ဘူး။ စကားဝိုင်း ပြီးတော့ နွယ်က လွှတ်ကနဲ မေးလိုက်မိသည်။
"အစ်မ က ဒီနေ့ မလိုက်လာဘူးနော်...နေမကောင်းလို့လား...."
"ဟုတ်တယ်...ဆရာမ...အခု ဆေးရုံတင်ထားရတယ်...အူမကြီးကင်ဆာတဲ့ဗျာ....ကျနော်လည်း မယုံနိုင်ဘူး ဖြစ်နေတယ်...၄၀ တောင် မပြည့်သေးတဲ့ ကျနော့် အမျိုးသမီးမှာ ကင်ဆာ ဖြစ်နေတယ်တဲ့ဗျာ....အခု ဒါပြီးရင် ကျနော် ဆေးရုံသွားမလို့..."
"အို...စိတ်မကောင်းပါဘူး...ကိုနောင်ရဲ...တကယ်လို့ မင်းခန့်နောင်ကို ထိန်းမယ့်သူ မရှိရင် ကျောင်းက ၃ နာရီ ဆင်းပေမယ့် ညနေ ၆နာရီ ၇ နာရီလောက်အထိ ကျမ ထိန်းပေးလို့ ရပါတယ်..." (စိတ်ထဲ မရည်ရွယ်ပဲနဲ့ လွှတ်ကနဲ ပြောမိသွားသည်)
"ကျေးဇူးတင်ပါတယ်.. ဆရာမ... သားကို သူ့အဖွားတွေက ထိန်းပေးမယ်လို့ ပြောတယ်...ကျောင်းက အနားယူခိုင်းနေတာ...သား သူငယ်ချင်းတွေနဲ့ ပျော်ပါစေ ဆိုပြီး ကျနော်က ကျောင်း လာပို့ထားတာပါ...ကျောင်းအဆငိးကိုတော့ သူ့အဖွားတွေဆီ ပို့ထားမှာပါ..."
"ဟုတ်ကဲ့ရှင့်..."
ကိုနောင်ရဲရဲ့ မိန်းမကို အကြီးစား ခွဲစိပ်မှုတွေ လုပ်သည်ဟု ပြောသည်။ သို့သော်လည်း ကင်ဆာဆဲလ်တွေက တကိုယ်လုံး ပျံ့နေသောကြောင့် ၂ လ လောက် အကြာတွင် လောကကြီးကနေ အပြီးတိုင် ထွက်ခွာသွားတော့သည်။ ဇနီးသည် ကို ဆုံးရှုံးလိုက်ရသော်လည်း ပူပင်သောက ရောက်နေသော်လည်း သားကိုတော့ အမြဲ ကျောင်းလာပို့သည်။ ကျောင်းပို့ ကျောင်းကြို လုပ်ရင်း နွယ်နှင့် ပိုရင်းနှီးလာခဲ့သည်။ ပြီးခဲ့သော ၂ လ လောက်မှာ နွယ့်ကို ချစ်ခွင့်ပန်သည်။ နွယ်လည်း စဉ်းစားချိန်ကလေး အနည်းငယ် ယူကာ အဖြေပေးဘို့ ဆုံးဖြတ်လိုက်သည်။ ကိုယ်က မခူးခင်ကတည်းက ညွန့်ချင်နေသူ မဟုတ်လား။
"ကိုနောင်ရဲ... ရောက်တာ ကြာပြီလား...."
"မကြာသေးပါဘူး ဆရာမ... အဲ...နွယ်...နွယ် ကြိုက်တတ်တဲ့ ကာပူချီနို နဲ့ ဆန်းဒဝှစ် မှာထားတယ်နော်..."
နွယ် တစ်ယောက်၊ နောင်ရဲ ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပြီး၊ အိတ်ကို ဘေးထိုင်ခုံမှာ ချထားလိုက်သည်။ လူအများနှင့် တွေ့ချိန်ဆိုလျှင် ဆရာမဟု ခေါ်တတ်ပြီး ၂ ယောက်ထဲ ရှိချိန်မှာတော့ နွယ် ဟု ခေါ်တတ်သည်။
"ဟုတ်... အဆင်ပြေပါတယ်..."
"နွယ်ကရော ကျနော့်ကို ကိုနောင်ရဲ ဆိုတာ မဟုတ်ပဲ တစ်ခုခု ပြောင်းခေါ်ဘို့ မစဉ်းစားတော့ဘူးလားဟင်..."
"စဉ်းစားထားလို့ပဲ အခုလို ကိုနောင်ရဲကို ချိန်းလိုက်တာပေါ့..."
"ဗျာ...ကျနော့်ကို အခု အဖြေပေးတော့မှာပေါ့နော်..."
"အခုတော့ မဟုတ်ဘူးလေ....နွယ်က အခုဆို ၂၈ ရှိပြီ... ကိုနောင်ရဲကလည်း ၃၆ နှစ် ရှိပြီ..ငယ်တော့တဲ့ အရွယ်တွေလည်း မဟုတ်ဘူးဆိုတော့ လူငယ်တွေလို ပန်းခြံသွားပြီး အဖြေလည်း မပေးချင်ဘူးလေ.... ညကျရင် နွယ် ဖုန်းဆက်လိုက်မယ်နော်...မျက်နှာချင်းဆိုင် ပေးရမှာလည်း ရှက်တယ်....အဲ့လောက်ဆို သဘောပေါက်ပေါ့..."
"ဟာ....တကယ်ကြီးလား...နွယ်....အဖြေ မဟုတ်တဲ့ အဖြေ ပေးသွားတာ ကို အရမ်း ဝမ်းသာတယ်... (အခေါ်အဝေါ် ချက်ချင်း ပြောင်းလိုက်သည်) ဒါဆို ကို့ကို ည ရောက်ရင် ဖုန်းဆက်နော်.... အဖြေကို ခန့်မှန်းမိပေမယ့် နွယ်ပြောတဲ့ နှုတ်ထွက်စကားလေး ကြားချင်လို့ပါ...."
"ဟုတ်..."
ဒီလိုနှင့် နောင်ရဲနှင့် နွယ်တို့ ချစ်သူ ဖြစ်သွားကြသည်။ တစ်ရက်မှာတော့ နွယ့်ကို နောင်ရဲက ကွယ်လွန်သွားပြီဖြစ်သော မိန်းမဖြစ်သူ၏ မိဘတွေဆီ ခေါ်သွားသည်။ ပထမဆုံးအနေနဲ့ သူတို့ဆီမှာ ခွင့်ပြုချက်ယူခြင်း ဖြစ်သည်။ ကိုယ်ပိုင် လုပ်ဆောင်ခွင့်ရှိပေမယ့် သူတို့ကိုလည်း အလေးထားကြောင်း ပြစေချင်လို့ အခုလို သွားတွေ့ခြင်း ဖြစ်သည်လို့ နွယ့်ကို ရှင်းပြသည်။ သူတို့တွေကလည်း ခွင့်ပြုပါသည်။ မြေးလေးဖြစ်သူ မင်းခန့်နောင်ကိုလည်း သားလေးအရင်းလို ဂရုစိုက်ဘို့ မှာကြားသည်။ ပြီးတော့မှ နောင်ရဲရဲ့ မိဘတွေနှင့် တွေ့ဆုံကာ ခွင့်ပြုချက်ယူသည်။ ခွင့်ရက်ရှည် ရတဲ့ နေ့မှာတော့ သားဖြစ်သူ မင်းခန့်နောင်နှင့် အတူ နွယ့်ရဲ့ မွေးရပ်မြေ ရွာလေးကို လိုက်လာကာ နွယ့်မိဘတွေဆီမှာ ခွင့်တောင်းသည်။ နွယ့်မိဘတွေကလည်း နောင်ရဲဖြစ်သူမှာ ကလေးတစ်ယောက်အဖေ မုဆိုးဖို ဖြစ်သော်လည်း ပိုက်ဆံ ရှိကာ လူရည်သန့် ဖြစ်သောကြောင့် သဘောတူကြသည်။ ဒီနွေကျောင်းပိတ်ရက်မှာ မင်္ဂလာပွဲ လုပ်ချင်သည်ဟု အကြမ်းဖျင်း တိုင်ပင်ဆွေးနွေးကြသည်။ သို့နှင့် နွယ့်ရဲ့ ရွာလေးကနေ ရန်ကုန်ကို ပြန်လာတော့ ကျောင်းဖွင့်ဘို့ကလည်း လိုသေးသည်မို့ ချောင်းသာကို အပန်းဖြေခရီးထွက်ရန် နွယ့်ကို နောင်ရဲက ခွင့်တောင်းသည်။ သားလေး မင်းခန့်နောင်နှင့် အတူ ထွက်ချင်သည်ဟု ပြောသည်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တာကို သိပေမယ့် လူကြီးတွေနှင့်လည်း အားလုံး တိုင်ပင်ပြီးပြီမို့ မကြာမီ လက်ထပ်တော့မှာမို့၊ ခရီးအတူ ထွက်ရန် ခေါင်းငြိမ့်လိုက်သည်။ သောကြာနေ့ညဘက် သွားပြီး တနင်္ဂနွေမနက် ပြန်လာရန် စီစဉ်ခြင်းဖြစ်သည်။
ကိုယ်ပိုင်ကားနှင့် သွားတာမို့ ခရီးလမ်း တလျှောက် နားနားနေနေ နှင့် သွားတာမို့ သက်တောင့်သက်သာ ရှိသည်။ ခရီးချိန် နည်းနည်းကြာသွားသောကြောင့် နေ့မွန်းမတည့်ခင် ချောင်းသာကို ရောက်သွားသည်။ ဟိုတယ်ကို ဖုန်းကြိုဆက်ပြီး (နောင်ရဲက အသိုင်းအဝန်းလည်း တောင့်သောကြောင့် ဟိုတယ် ချက်ချင်း ရသည်) အခန်း ယူထားသောကြောင့် အခန်းထဲတွင် အထုပ်များ ထားကာ နေ့လည်စာ ထွက်စားကြသည်။ ဟိုတယ်ရဲ့ စားသောက်ခန်းမှာပင် စားလိုက်သည်။ ညကျမှ ရွာက လူတွေကို ချက်ခိုင်းပြီး စားရအောင်ဟု စီစဉ်သည်။ နေ့လည်စာ စားပြီးတော့ တရေးတမော အိပ်ကာ နားပြီးမှ ညနေ ရေဆင်းကူးရန် ပြောသည်။ မင်းခန့်နောင်ကလည်း နွယ့်ကို သူ့ဆရာမမို့ တွယ်တာသည်။ စကားနားထောင်သည်။ ကုတင်က ၂ ယောက်အိပ် ကုတင် ၁ လုံးနှင့် ၁ ယောက်အိပ် ကုတင် ၁ လုံး ဖြစ်သည်။ ၂ ယောက်အိပ်ကုတင်မှာ နောင်ရဲနှင့် မင်းခန့်နောင်က အိပ်သည်။ ၁ ယောက်အိပ်ကုတင်ကတော့ နွယ့်အတွက်ပေါ့။ နေ့ခင်းကြောင်တောင် ဖြစ်နေတာက တကြောင်း၊ သူစိမ်းယောက်ျားတစ်ယောက်နှင့် အတူ အခန်းထဲ ရှိနေတာ မနေတတ်တာက တကြောင်းကြောင့် အပြင်က ထိုင်ခုံလေးမှာ ထိုင်ကာ မုန့်စားရင်း နေကြာစေ့လေး ကိုက်ရင်း အုန်းစမ်းရည် မှာသောက်နေလိုက်သည်။ ခဏကြာတော့ နောင်ရဲက အခန်းပြင် ထွက်လာကာ သားလေး အိပ်သွားပြီ ဖြစ်ကြောင်းပြောပြီး နွယ်နှင့်အတူ စကားတွေ ထိုင်ပြောကြသည်။ ပြီးတော့ ခဏလေးဟု ဆိုကာ အပြင်ကို ထွက်သွားသည်။ မိနစ် ၂၀ လောက် ကြာတော့ ဂစ်တာ တစ်လုံးနှင့် အတူ ပြန်ရောက်လာသည်။ ညစာအတွက် ရွာက လူကို ချက်ခိုင်းပြီး လာပို့ခိုင်းထားကြောင်း ပြောသည်။ ဂစ်တာလေးကို ကိုင်လာတာက ရှက်ကိုး ရှက်ကန်း ရုပ်နှင့်။ နွယ့်ကို သီချင်းဆိုပြချင်လို့တဲ့။ ပရော်ဖက်ရှင်နယ်အဆင့် မဟုတ်ပေမယ့်၊ ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်ပြီး သီချင်းဆိုပြသည်။ လေပြေသွေးနေတဲ့ ချစ်သူ ဆံနွယ်ကို ကြည့်ပြီး ရှက်ပြုံးပြုံးနေတဲ့ နွယ့်မျက်နှာကို ကြည့်ကာ သီချင်းအေးအေးလေးတွေ ဆိုပြသည်။ တခါတရံမှာတော့ နောင်ရဲ မျက်နှာမကောင်း ဖြစ်ဖြစ် သွားတာကို နွယ် မြင်လိုက်သည်။ ကွယ်လွန်သွားတဲ့ ဇနီးကို သတိရသွားတာ နေမှာပဲ။
ညနေစောင်းတော့ သားနှင့် အတူ ရေထဲ ဆင်းကူးကြသည်။ အမှန်တော့ ရေ ဆင်းစိမ်ခြင်းပင်ဖြစ်သည်။ သားလေးကတော့ အလွန်ပျော်နေသည်။ ရေထဲက ပြန်တက်လာလျှင် ငါးကင်၊ ပုဇွန်ကင်၊ စားလိုက်၊ အုန်းရည်သောက်လိုက်နှင့် သူ့စိတ်ကြိုက်မို့ သဘော အကျကြီး ကျနေသည်။ နေရဲ့ အလင်းရောင် လုံးလုံး ပျောက်တော့မှ အခန်းပြန်ကာ ရေချိုးကြသည်။ သူတို့ သားအဖ ၂ ယောက်က အပြင်က ရေပန်းနှင့် ရေချိုးပြီး နွယ့်ကိုတော့ အခန်းထဲမှာ ရေချိုးစေသည်။ နွယ်ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ သူတို့ ၂ ယောက်လုံးက အကျီတောင် လဲပြီးနေပြီ။ နွယ်လည်း အဝတ် အမြန်ဝတ်ကာ သနပ်ခါး လိမ်းလိုက်သည်။ နွယ့်ကို ပြုံးကြည့်နေသော နောင်ရဲကို မြင်လိုက်ရသည်။ နွယ်တစ်ယောက် ရှက်စိတ်ရော ပီတီစိတ်ရော လွှမ်းလို့ပေါ့။ ခဏအကြာမှာတော့ ရွာကနေ မှာထားတဲ့ စားစရာတွေ လာပို့သည်။ ခရုကမာ အစပ်ချက်၊ ဂဏန်း မဆလာချက်၊ ပုဇွန်ပြုတ်၊ ကန်စွန်းရွက်ကြော်၊ ပြောင်းဖူးကြော် နှင့် ငပိထောင်း တို့နှင့် အတူ ထမင်းစားရသည်မှာ မြိန်လှသည်။ အထူးသဖြင့် ဟင်းတွေက များသောကြောင့် ထမင်းကို နည်းနည်းပဲ စားကာ ဟင်းတွေချည်း ထိုင်စားဖြစ်ကြသည်။ ထမင်းစားပြီးတော့ သူတို့ ၃ ယောက်သား ကမ်းခြေတလျှောက် လမ်းလျှောက်ကြသည်။ မင်းခန့်နောင်ကို တစ်ယောက် တစ်ဘက် လက်တွဲ လျှောက်ကြသော်လည်း အတန်ငယ် လျှောက်မိသည်နှင့် မင်းခန့်နောင်မှာ ကလေး သဘာဝ တစ်ယောက်ထဲ ပြေးနေသောကြောင့် နွယ့်ရဲ့ လက်ကို နောင်ရဲက ကိုင်ကာ လမ်းလျှောက်ကြသည်။ အပျော်ကြီး ပျော်နေမိသည်လေ။
လမ်းလျှောက်ပြီး အပြန်တော့ သွားတိုက်၊ ခြေဆေး လက်ဆေးကာ အိပ်ရာဝင်ကြတော့သည်။ ပထမတော့ နွယ်က အခန်းပြင်မှာ ထွက်ထိုင်နေပေမယ့် အပြင်မှာ ခြင်ကိုက်သောကြောင့် ပြန်ဝင်ကာ မိမိအတွက် တစ်ယောက်အိပ် ကုတင်မှာပင် ဝင်လှဲနေလိုက်သည်။ စောင်လေး ခြုံပြီးတော့ပေါ့။ ခဏနေတော့ နောင်ရဲက အသံတိုးတိုးလေးနှင့် လှမ်းခေါ်သည်။ သူ လာလို့ ရလားလို့ မေးသည်။ နွယ်လည်း ခေါင်းငြိမ့်မိလိုက်သည်။ ဘာပြီးရင် ဘာလာမယ် ဆိုတာ ကြိုသိနေသည်လေ။ နွယ့်အနားကို နောင်ရဲ ရောက်လာတော့ စောင်အတူ ခြုံကာ သူမ ကို ဖက်သည်။ ၂ ယောက်သား အသက်ရှူသံတွေက ပြင်းလာသည်။ နွယ့်ရဲ့ ခန္ဓာဗေဒကို နောင်ရဲတစ်ယောက် လေ့လာခွင့်၊ စမ်းသပ်ခွင့်၊ အသုံးပြုခွင့် ရသွားသည်။ ဆန္ဒတွေ အကြိမ်ကြိမ် ပြီးမြောက်ပြီးမှ ၂ ယောက်သား ဖက်ကာ နားနေကြသည်။ ဒီတော့မှ စကားဝိုင်းလေးက အသက်ဝင်လာသည် ဆိုပါတော့။ အဲ့ဒီအချိန် ပြောတဲ့ စကားတွေက ရင်တွင်းဖြစ် တကယ့် အစစ်အမှန်တွေ များသည်လေ။
"ကို... နွယ့်ကို တကယ်ချစ်လားဟင်..."
"ချစ်တာပေါ့...နွယ်..."
"ဘယ်အချိန်ထဲက စချစ်တာလဲ..."
"အမှန်အတိုင်း ပြောရမလား..."
"အင်း...အမှန်ပဲ ကြားချင်တယ်..."
"နွယ့်ကို စတွေ့ထဲက ဆိုပါတော့..."
"ဟင်..ကို က မိန်းမနဲ့လေ..."
"မိန်းမနဲ့လည်း တခြားမိန်းကလေးကို စိတ်မဝင်စားရတော့ဘူးလား...မချစ်ရတော့ဘူးလား..."
"ဒါတော့ မသိဘူးလေ..."
"နွယ့်ကို စိတ်ဝင်စားပြီး ချစ်လို့ ကို့ မိန်းမကို မချစ်တော့တာလည်း မဟုတ်ဘူး... ၂ ယောက်လုံးကို ချစ်တယ်...ဒါပေမယ့် ကို့မှာ အိမ်ထောင်နဲ့ဆိုတော့ စောင့်ထိန်းသင့်တာကို စောင့်ထိန်းတာပေါ့..."
"ကိုကလည်း... အဲ့လိုသာဆိုရင် အစထဲက ပြောပေါ့...အမှန်တရား ဖြစ်တယ်ဆိုရင်..."
"အမှန်တရား ဖြစ်တိုင်း ပြောလို့မှ မရတာကိုး...."
"ဘာလို့လဲ..."
"နွယ့်ကို ဥပမာ ပြောမယ်ကွာ... နွယ့် သူငယ်ချင်းလင်မယားစုံတွဲမှာ မိန်းမဖြစ်သူက မီးဖွားခါနီးမှာ ယောက်ျားလေးက နောက် ကောင်မလေးတစ်ယောက်နဲ့ တွဲပြီး ဖောက်ပြန်တယ် ဆိုပါတော့... ဒါကို နွယ်က သိသွားတယ်... မြင်သွားတယ်... ဒါဆို နွယ် ဘာလုပ်မလဲ..."
"မိန်းမ ဖြစ်သူကို သွားပြောမှာပေါ့...."
"ကိုတော့ အဲ့လို မလုပ်ဘူး... ကောင်မလေးကို သွားပြောရင် နောက်ဆက်တွဲ ဘာဖြစ်မလဲ....သည်းမခံနိုင်ရင် လင်မယားကွဲမယ်လေ... မီးဖွားခါနီး အချိန်ဆိုတော့ အခန့်မသင့်ရင် အသက်အန္တရာယ် စိုးရိမ်ရတယ်လေ.... ကိုတော့ သွားမပြောဘူး... ဒီအတိုင်း ထားထားမယ်... ကောင်လေးကို ပြောလို့ ရမယ်ဆိုရင်တော့ ပြောပြီး ရပ်သင့်ကြောင်း ပြောမယ်...ဒီလောက်ပဲ.... ကို ပြောလိုက်တဲ့ စကားတစ်ခွန်းက နောက်ဆက်တွဲ ဘာဖြစ်နိုင်မလဲဆိုတာ စဉ်းစားပြီးမှ ပြောရမှာပေါ့...မဟုတ်ဘူးလား... အခု ဒီဖြစ်စဉ်က အမှန်တရားပဲ...ဒါပေမယ့် မှန်တိုင်းလည်း ပြောလို့ မရဘူး..."
"ဟွန့်...ကိုကလေ....ကျောင်းဆရာ လုပ်သင့်တာ သိလား..."
"ဟားဟား...နွယ်ကတော့လေ....ကျောင်းဆရာ မဟုတ်လည်း မသိသေးသူကို မတတ်သေးသူကို နားမလည်သေးသူကို လမ်းပြနိုင်တာပဲဟာ...မဟုတ်ဘူးလား..."
"ဟုတ်ပါပြီရှင်..."
"အခုလည်း အဲ့လိုပဲ နွယ့်ကို စိတ်ဝင်စားတယ်...ချစ်တယ်....ဒါပေမယ့် ကို့မှာ မိန်းမ ရှိတဲ့အတွက် နွယ့်ကို စိတ်ဝင်စားဟန်တောင် မပြခဲ့ဘူး... ကို့မိန်းမ ဆုံးသွားတော့လည်း ပတ်ဝန်းကျင်က တမျိုးတမည် ထင်မှာစိုးလို့ အချိန်တောင် ယူလိုက်သေးတယ်..."
"အကြံချည်းပဲနော်... နွယ်လည်း ကို့ကို ပြောစရာ ရှိတယ်... ဆုံးသွားတဲ့ မိန်းမကို သတိရသည် ဖြစ်စေ၊ လွမ်းသည် ဖြစ်စေ နွယ့်ကို အားနာစရာ မလိုဘူး...တကယ်တော့ မမ က အရမ်း သနားဘို့ ကောင်းတယ်...နွယ်နဲ့လည်း သိခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာ မမကို ခင်မင်မိတယ်... အတိတ်ကို အတိတ်မှာ အတင်း မထားခိုင်းစေချင်ဘူး.... အတိတ်က ဖြစ်ရပ်ကို ခေါ်လာလို့ ရတယ်... ကို့ကို အတိတ်မှာ မကျန်ခဲ့စေချင်ဘူး.... မမကို လွမ်းလို့ ရတယ်... သတိရလို့ ရတယ်...ဒါပေမယ့် အဲ့ဒီစိတ်ကြောင့်တော့ နွယ်တို့ အခု တည်ဆောက်မယ့် ဘဝကို မထိခိုက်စေချင်ဘူး.... အဲ့ဒါ တစ်ခုပဲ..."
"အင်း...နွယ့်သဘောအတိုင်းပါ...ကို့ကို အခုလို နားလည်ပေးတာလည်း ကျေးဇူးပါ..."
"အဲ...သားနဲ့ ပတ်သက်ပြီးလည်း ပြောစရာ ရှိတယ်..."
"ဟင်...သားက ဘာဖြစ်လို့လဲ..."
"သားက ဘာမှ မဖြစ်ပါဘူး....နွယ်တို့ အနေနဲ့ ကလေး တစ်ယောက် ယူဖြစ်မယ် ထင်တယ်... ကလေး ရသည် ဖြစ်ဖြစ်၊ မရသည် ဖြစ်ဖြစ်၊ သားကို သားအရင်းလို ပြုစုစောင့်ရှောက်မှာပါ....ဒါပေမယ့် အရွယ်ရောက်လာရင် မိထွေးဖြစ်သူ နွယ်နဲ့ စိတ်ကစားပြီး မဖြစ်သင့်တာ မဖြစ်ရအောင် သားကို ၈ နှစ်အရွယ်လောက်က စပြီး အခန်းခွဲပေးထားရမယ်... ပြီးတော့ နွယ်လည်း အလုပ် ဆက်လုပ်မယ်.... ဒါကိုတော့ နားလည်ပေးနော်..."
"သြော်...နွယ်ရယ်...အစစ အရာရာ အကုန် စဉ်းစားပေးတာပဲ...ဒါလည်း ကောင်းတာပဲလေ..."
"ကို...နွယ့်ကို တကယ်ချစ်တာပါနော်..."
"ချစ်တာပေါ့ နွယ်ရယ်... ဘယ်လို ပြောရမလဲ အချစ် မဟုတ်တဲ့ အချစ်နဲ့ပေါ့..."
"ဟင်... ဘယ်လို မျိုးလဲ...."
"တစ်ဦး တစ်ယောက်ထဲကိုသာ ချစ်ရမယ်လို့ အချစ်ကို သတ်မှတ်ထားရင် ကို နွယ့်အပေါ်ကို ချစ်တဲ့ အချစ်က အချစ်မဟုတ်တော့ဘူးလေ..."
"အင်း... အချစ် မဟုတ်တဲ့ အချစ် တဲ့လား ကို.... နွယ် ကျေနပ်ပါတယ်.... နွယ်လည်း ကို့ကို ချစ်ပါတယ်..."
ခင်တဲ့
နောင်ရဲ (အောက်တိုဘာ၊ ၂၀၁၈)